အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
ရင်မှာအကြင်နာရှိတာ ကောင်းတဲ့အစဉ်အလာ အကြင်နာတရား ရင်မှာပွား အကောင်းမြတ်ဆုံး စိတ်ထား။ တို့ဗုဒ္ဓဘုရားဖြစ်ရတာ မဟာ ကရုဏာကြောင့်ရယ်ပါ၊ သတ္တ၀ါတွေကို အလွန်သနား ဘုရားဖြစ်အောင် သူကြိုးစား။ဘုရားဖြစ်တော့ သူကယ်တင် ဒုက္ခအပေါင်းလွတ် ကြောင်းပင် ဟောမြွက်ချွေတဲ့ အမြိုက်တရား ဒုက္ခခပ်သိမ်း ငြိမ်းစေသား။ အကြင်နာတရားရဲ့အစွမ်းဟာ ဘုရားတစ်ဆူတောင်ဖြစ်နိုင်တာ အကြင်နာတရားအစဉ်သာပွား စွမ်းအားကြီးသူဖြစ်စေသား . . .။
စိတ်ရဲ့သဘာဝက ဟိုအာရုံကူး၊ ဒီအာရုံကူး၊ ဟိုတွေး၊ ဒီတွေး၊ ဟိုကြံ၊ ဒီကြံပဲ။ ကောင်းတဲ့အခါလည်း ကောင်းတယ်။ဆိုးတဲ့အခါလည်း ဆိုးတယ်။ စိတ်ကူးတာ၊တွေးတာ၊ကြံတာကို '၀ိတက်'လို့ခေါ်တယ်။ ၀ိတက်ရဲ့ကျက်စားနိုင်တဲ့ နယ်ပယ်က အကျယ်ကြီးတော့ မဟုတ်ဘူး။ ခြောက်နေရာပဲရှိတယ်။ အဲဒီ ခြောက်နေရာရဲ့အပြင်ဘက်ကို ကျော်ပြီးတော့ သူထွက်လို့မရဘူး။
တချို့က ကိုယ့်အတွက်ကိုယ်ပဲတွေးတယ်။ ဒါကို'ကာမ၀ိတက်'လို့ခေါ်တယ်။ တချို့ကျတော့ သူ့အတွက်ပါတွေးတယ်။ ဒါကို'နေက္ခမ္မ၀ိ တက်' လို့ခေါ်တယ်။တချို့က သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းပဲတွေးတယ်။ ဒါကို 'ဗျာပါဒ၀ိတက်' လို့ခေါ်တယ်။တချို့က သူတစ်ပါး ကောင်းရာကောင်းကြောင်းပဲတွေးတယ်။ ဒါကို'အဗျာပါဒ၀ိတက်'လို့ခေါ်တယ်။တချို့ သူတစ်ပါးကို နှိပ်စက်ဖို့၊ ညှဉ်းပန်းဖို့၊ ဒုက္ခပေးဖို့ပဲ တွေးတယ်။ဒါကို '၀ိဟဒသာဝိတက်' လို့ခေါ်တယ်။တချို့က သူတစ်ပါးကို ကူညီဖို့၊စောင့်ရှောက်ဖို့၊ ကယ်တင်ဖို့ပဲတွေးတယ်။ ဒါကို 'အ၀ိဟ ဒသာဝိတတ်'လို့ခေါ်တယ်။ အ၀ိဟဒသာဆိုတာ ကရုဏာပဲ။
ကရုဏာဆိုတာ ပါဋိဝေါဟာရပဲ။ သူ့ရဲ့အဓိပ္ပာယ်က ဒုက္ခရောက် နေတဲ့သူတွေကိုမြင်ရတဲ့အခါ လူကောင်း၊ သူကောင်းတို့ရဲ့စိတ်နှလုံးကို တုန်လှုပ်သွားစေတဲ့သဘောဟာ ကရုဏာလို့ဆိုတယ်။ဒုက္ခရောက်နေ သူတွေကိုဒီအတိုင်းမကြည့်ရက်ဘူး၊ မမြင်ရက်ဘူး၊ လျစ်လျူမရှု ရက်ဘူး၊ မျက်နှာလွှဲခဲပစ်မလုပ်ရက်ဘူး။ ရောက်ဆဲဒုက္ခတွေကနေလွတ်မြောက် သွားအောင်ကယ်ဆယ်တယ်၊ စောင့်ရှောက်တယ်၊ ကူညီ တယ်၊ အားလုံးအဆင်ပြေအောင်လုပ်ပေးတယ်။ ဒါကရုဏာပဲ။
ဒုက္ခရောက်နေသူတွေရဲ့ ဒုက္ခတွေကိုဖျက်ဆီးပေးတာ၊ ဖယ်ရှားပေးတာ၊ ကရုဏာ၊ မိမိရဲ့သနားကြင်နာမှုကို ဒုက္ခသည်တွေရဲ့အပေါ်မှာ ဖြန့်ကြက်ပေးတာ၊မိမိရဲ့အကြင်နာတရားကိုဒုက္ခသည်တွေရဲ့အပေါ်မှာ နွေးထွေးစွာ လွှမ်းခြုံပေးတာ ကရုဏာ၊ ဒီလိုလည်းစာကဖွင့်ဆို တယ်။ အစားဆင်းရဲရင် အစားမဆင်းရဲအောင်၊ အစားချမ်းသာအောင်လုပ်ပေးတာ၊အနေဆင်းရဲရင် အနေမဆင်းရဲအောင်၊ အနေချမ်းသာ အောင်လုပ်ပေးတာ။ အကြင်နာမျက်လုံး၊ အကြင်နာစကားလုံး၊ အကြင်နာလက်တို့ဖြင့် ဒုက္ခသည်တွေရဲ့ မျက်နှာလေးတွေပြုံးလာအောင် ကိုယ်စိတ်နှစ်ပါးချမ်းသာအောင်လုပ်ပေးတာ ကရုဏာပါပဲ။
အ၀ိဟဒသာခေါ်တဲ့ ကရုဏာတရား၊ အကြင်နာတရားဟာအလွန်မြင့်မြတ်တဲ့တရားပါ။ မဟတ္တမဂန္ဓီရယ်လို့ အိန္ဒိယရဲ့ 'မဟာဝိညာဉ်တော် ကြီး'၊ တစ်ကမ္ဘာလုံးက အလေးအမြတ်ပြုရတဲ့သူတော်စင်ကြီးဖြစ်ခဲ့တာ သူ့နှလုံးသားထဲက ကရုဏာတရားကြောင့်ပါ။
သုမေဓာရသေ့လေးဟာ သူများလို တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့သာဆိုရင် ဂေါတမဗုဒ္ဓရယ်လို့ဘုရားဖြစ်လာစရာအကြောင်းမရှိပါဘူး။ ဒီပင်္ကရာဘုရားရှင်ရဲ့နောက်တော်ပါးမှာ ရဟန္တာတစ်ဆူအနေနဲ့ လိုက်ပါသွားချင်ရင် ရနိုင်တဲ့အခွင့်အရေး သူ့မှာအပြည့်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီသူ့ကိုယ်ပိုင်အခွင့်အရေးကိုလက်လွှတ်အဆုံးရှုံးခံလိုက်ပါတယ်။ သတ္တ၀ါတွေကိုသိပ်သနားတတ်တဲ့ 'မဟာကရုဏာတော်' အကြင်နာတရားကြောင့်ပါပဲ။
ဘုရားဆိုတာ သာမန်လူသားကနေမှ ဘုရားဖြစ်ရတာပါ။ သာမန်လူသားတစ်ယောက်ကို သုံးလောကထွတ်ထား သဗ္ဗညုဘုရားဖြစ်အောင် ထုဆစ်ဖန်ဆင်းပေးလိုက်တာဟာ ကရုဏာတရားပါ။ သာမန်ကရုဏာတော့လည်းမဟုတ်ပါဘူး။ သိပ်ပြီးတော့အင်အားကြီးတဲ့ကရုဏာမို့ 'မဟာ'တပ်ပြီး 'မဟာကရုဏာ' လို့တင်စားခေါ်ကြပါတယ်။ လောကမှာ အခက်ခဲဆုံးအရာဟာဘုရားဖြစ်ဖို့ပါ။ အဲဒီလိုအခက်ခဲဆုံးဖြစ်တဲ့ ဘုရားလိုပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီး ဘ၀မျိုးကိုတောင် ကရုဏာသွန်းလောင်းပုံထုနိုင်ပါတယ်။ အဲဒီလောက်စွမ်းပါတယ်။
'အတ္တ' ကို တဏှာ၊ မာန၊ ဒိဋ္ဌိ တို့နဲ့ထူထောင်ပါတယ်။ 'ပရ' ကိုတော့ ကရုဏာနဲ့ထူထောင်ရပါတယ်။အကြင် နာတရားနဲ့ထူထောင်ရပါ တယ်။ တဏှာ၊ မာန၊ ဒိဋ္ဌိ အားကြီးတဲ့သူဟာ 'အတ္တ' ကိုပဲထူထောင်ပါတယ်။ 'ပရ' ကိုမသိကျိုးကျွံပြုထားပါတယ်။ 'ပရ' ဆိုတာ တဏှာ၊ မာန၊ ဒိဋ္ဌိတို့က အပြင်အပဖြစ်တဲ့လူမျိုးစု၊ ဆွေမျိုးစု၊ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်နဲ့အတူ တစ်သီး၊ ပုဂ္ဂလတို့လည်းပါဝင်ပါတယ်။ ဘုရားရှင် လိုပုဂ္ဂိုလ်မျိုးတောင်မှအကြင်နာတရားနဲ့ထူထောင်လို့၊တည်ဆောက်လို့ရတယ်ဆိုရင် ကျန်တာတွေကတော့ ပြောစရာမရှိတော့ပါဘူး။ တကယ်လိုအပ်တာက အကြင်နာတရားပါ။ ကြင်နာသနားတတ်တဲ့နှလုံးသားပါ။
အကြင်နာတရားရဲ့ စွမ်းအားတွေကိုပြောရတာများသွားပါပြီ။ အခုဆောင်းပါးရဲ့လိုရင်းဦးတည်ရာကိုပြောပါတော့မယ်။ မြန်မာလူမျိုးဆို တာ ဆန်ကိုအဓိကထားစားတဲ့လူမျိုးပါ။ ရန်ကုန်သူ၊ ရန်ကုန်သားတွေလည်း ဆန်ကိုပဲစားကြတာပါ။ တစ်နည်းဆန်စားတယ်ဆိုတာ ထမင်းစားတာကိုပြောချင်တာပါ။ ရန်ကုန်တစ်မြို့လုံး ဘယ်ဆန်စားကြတာလဲဆိုတော့ အများစုက ဧရာဝတီတိုင်းဘက်ကဆန်ကိုစားကြ တာပါ။ ဒီတော့ဧရာဝတီတိုင်းကလယ်သမားတွေဟာ ရန်ကုန်သူ၊ ရန်ကုန်သားတို့ရဲ့ ဆန်ရှင်၊ထမင်းရှင်တွေပါ။
'ထမင်းရှင်ပါ' ဆိုတဲ့စကားလုံးကတော့ အနုပညာလောကသားတွေ အများဆုံးသုံးတဲ့ စကားလုံးပါ။ အနုပညာ ရှင်အများစုလည်းသူတို့ ထမင်းရှင်တွေကိုကြင်နာနေကြတာတွေ့နေရပါတယ်။ ဒါပေမဲ့ လူငယ်အဆိုတော်စူပါအချို့ထွက်မလာလို့လည်း ဂျာနယ်စာမျက်နှာတွေမှာ အသံတွေကြားနေရပါတယ်။ တကယ့်ရင်ထဲ၊အသည်းထဲက ကြင်နာကြရမှာပါ။ တကယ်လိုအပ်တာတွေကိုဖြည့်ဆည်းပေးကြရမှာပါ။
ပြန်လည်ထူထောင်ရေးကိစ္စတွေက နှစ်ချီ၊ လချီလုပ်ကြရမှာပါ။ စားစရာလေးပေး၊ ၀တ်စရာလေးပေးနေရုံလောက်နဲ့မလုံလောက်ပါဘူး။ အဓိက၊ကနေစရာပါ။ လူနေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစတဲ့ အဆောက်အအုံကိစ္စတွေစဉ်းစားရပါမယ်။ 'စားဝတ်နေ ရေး' ဆိုတဲ့အတိုင်း အစား၊ အ၀တ်ပြီးတော့ နေရေးအတွက်စီစဉ်ကြရပါမယ်။ လိုအပ်တာတွေကို အကြင်နာတရားလက်ကိုင်ထားပြီး ၀ိုင်းဝန်းထူထောင်ပေးကြရပါမယ်။ အမှန်တကယ်လိုအပ်တာတွေက လယ်ထွန်စက်၊ ဓာတ်မြေသြဇာ၊ ဒီဇယ်ဆီ၊ ပဲ့ထောင်လှေစသည်တို့ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများရဲ့ဖော်ပြချက်မှာပါရှိပါတယ်။
အဓိကက သူတို့ဘ၀သူတို့ ရပ်တည်နိုင်အောင်၊ ရုန်းကန်နိုင်အောင်၊ ထူထောင်ပေးဖို့၊ တည်ဆောက်ပေးကြဖို့ပါပဲ။တစ်ယောက်အားနဲ့မရ၊ တစ်သောင်းအားနဲ့ဆိုရင်တော့ရနိုင်ပါတယ်။ အစုအဖွဲ့တွေစုဖွဲ့ပြီးတော့ တစ်ဖွဲ့တစ်ရွာ၊ တစ်ဖွဲ့တစ်ရွာစသည်ဖြင့် လိုအပ်တဲ့ထူထောင် ရေး၊ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်သွားကြရင်သိပ်ကောင်းပါမယ်။ ရန်ကုန်မြို့ကြီးကလူအများစုဟာ 'ပေါ်ဆန်း' မှစားကြတာပါ။ ထမင်းကို ကြင်နာကြသလို ထမင်းရှင်ကိုလည်း ကြင်နာကြဖို့လိုပါတယ်။ 'ထမင်းရှင်ကို ကြင်နာလှည့်ပါ'လို့ အားလုံးကို ဖိတ်ခေါ်လိုက်ချင် ပါတယ်။
Ref : BiweeklyEleven
Posted by ဘိုဘို at 11:25 AM 1 comments
Labels: အကူအညီ

MONASTERY CYCLONE SHLETER
မြန်မာ့ကမ်းရိုးတန်းဒေသနှင့် အကာအကွယ်မဲ့သောမြစ်ဝကျွန်းပေါ် ဒေသများတွင်မုန်တိုင်းကျရောက်စဉ် လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်သည့် Cyclone Shelter များ ကို ၁၉၈၂-၁၉၈၇ ဆေး(၁)ဆင်း သူငယ်ချင်းများ၊ မိတ်ဆွေဆရာဝန်များနှင့် စေတနာရှင်များအဖွဲ့မှ လှူဒါန်းရန်စီစဉ်လျက်ရှိသည်ဟု သတင်းရရှိသည်။
"နာဂစ်မုန်တိုင်းကျရောက်တော့ တန်ဖိုးရှိတဲ့လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်။ ဒါကလည်း ဒီရေတစ်ရှိန်ထိုး တက်လာတဲ့အခါမှာ၊ လေပြင်းတိုက်တဲ့အခါမှာ ခိုနေဖို့၊ တွယ်ကပ်နေဖို့အဆောက်အအုံကောင်း မဲ့ခဲ့တဲ့အတွက် ဆုံးရှုံးမှုများခဲ့ရတယ်။ ဒါကြောင့် ဒီဒေသတွေမှာတန်ဖိုးရှိတဲ့ လူ့အသက်တွေကို နောက်တစ်ကြိမ် မဆုံးရှုံးရအောင်ရည်ရွယ်ပြီးလှူဒါန်းတာပါ။ ကျွန်တော်တို့ ခြောက်လအတွင်း၊ ဒါမှမဟုတ် လာမယ့် ၂၀၀၉ ခုနှစ် မိုးမကျမီအချိန်နောက်ဆုံးထားပြီး လှူဒါန်းဖို့စီစဉ်ထားပါတယ်။ ဒီအဆောက်အဦဟာ မုန်တိုင်းမရှိတဲ့ကာလ တွေမှာလည်း အကျိုးမမဲ့ပါဘူး။ အများပြည်သူအကျိုးရှိမယ့် ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုနိုင်ဖို့ စီစဉ်ထားပါတယ်။ ဆောက်လုပ်မယ့်ရွာကို မရွေးရသေးပါဘူး။ သက်ဆိုင်ရာနယ်မြေအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်နဲ့ဆက်သွယ် လှူဒါန်းသွားမှာပါ" ဟု ၎င်းအဖွဲ့မှ ဒေါက်တာဆွေလှက ရှင်းပြခဲ့သည်။
လှူဒါန်းရန်စီစဉ်လျက်ရှိသည့် ဆိုင်ကလုန်းဒဏ်ခံအဆောက်အအုံ (cyclone shelter) မှာ ၄၈ ပေ ပတ်လည်ကျယ်ဝန်းသော ဘုန်းကြီးကျောင်းတစ်ကျောင်း နှင့် ၁၆ပေ၊ ၃၂ပေ အကျယ်အ၀န်းရှိ လေးခန်းတွဲ လူနေအဆောက်အအုံအသေးလေးခု ဖြစ်ကြောင်းသိရသည်။
၄၈ ပေပတ်လည်အကျယ်အ၀န်းရှိ အဆောက်အအုံမှာပုံမှန်အားဖြင့် လူပေါင်း ၃၀၀ သက်သောင့် သက်သာနေထိုင်နိုင်ပြီး မုန်တိုင်းကျရောက်စဉ်ခိုနားမည်ဆိုပါက ၁၀၀၀ ဦးရေ၀န်းကျင်အထိဆံ့ကြောင်း သိရသည်။
ယခုလှူဒါန်းမည့် Cyclone Shelter အကြီးမှာမုန်တိုင်းဖြစ်ပေါ်စဉ် ဒီရေ ၂၅ ပေအထိ မြင့်တက်လာပါက ခေါင်မိုးပေါ်တွင် နေနိုင်အောင် ဒီဇိုင်းပြုလုပ်ထားကြောင်းနှင့် Cyclone Shelter အသေးမှာမူ ဒီရေ ၁၅ ပေ အထိမြင့်တက်လာပါက ခေါင်မိုးပေါ်တွင်နေနိုင်အောင် ဒီဇိုင်းပြုလုပ်ထားကြောင်း သိရသည်။Monastery Cyclone Shelter 'Turtle'
နာဂစ်မုန်တိုင်းကျရောက်စဉ် လူပေါင်းမြောက်မြားစွာ အသက်ဆုံးရှုံးခဲ့ရခြင်းမှာလည်း မုန်တိုင်းနှင့်အတူ ဒီရေမြင့်တက်လာစဉ် ကိုင်တွယ်ရာ၊ ဖက်တွယ်ရာ အဆောက်အအုံမရှိခြင်းမှာ အဓိကအကြောင်းရင်း အဖြစ်ရှိနေခဲ့သည်။ ထို့ကြောင့် လှူဒါန်းသူများက တန်ဖိုးရှိသည့် လူ့အသက်ပေါင်းများစွာကိုကာကွယ် နိုင်ရန်ရည်ရွယ်ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်သည်ဟုဆိုသည်။
ယခုကဲ့သို့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန်ရည်ရွယ်၍ အဆောက်အအုံလှူဒါန်းမည့်သူများကိုလည်း နာမည်ကျော် SPINE Architects မှ ပညာဒါနပြုသည့်အနေဖြင့် ဆိုင်ကလုန်းဒဏ်ခံအဆောက်အအုံ ဗိသုကာဒီဇိုင်းများကို အခမဲ့ လှူဒါန်းပေးမည်ဖြစ်သည်ဟု ဗိသုကာပညာရှင် ဦးဇော်မိုးရွှေက ဆိုသည်။
"ကျွန်တော်တတ်တဲ့ပညာနဲ့ တတ်နိုင်တဲ့ဘက်က လှူဒါန်းပေးတာပါ။ ဒီလိုတန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်တဲ့ အဆောက်အအုံတွေ လှူဒါန်းချင်သူတွေအားလုံးကို ကျွန်တော်ရေးဆွဲထားတဲ့ ဗိသုကာ ဒီဇိုင်းတွေကို အခမဲ့လှူဒါန်းမှာဖြစ်ပါတယ်။ ဒီဇိုင်းနှဲ့Structure Drawing တွေကို အခမဲ့ကူညီပေးသွားမှာပါ။ ကျွန်တော်အလှရေးဆွဲထားတာ မဟုတ်ပါဘူး။ လိုအပ်တဲ့အချက်တွေနဲ့ကိုက်ညီအောင်၊ တတ်နိုင်သမျှ ပြည့်စုံအောင်၊ ကိုယ့်ရေမြေဒေသ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင်၊ ရေးဆွဲထားပါတယ်။ အဓိကကတော့ မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့စရိုက်နဲ့ ထင်ဟပ်အောင်ရေးဆွဲထားတာပါ။ အထူးသဖြင့် ဘုန်းကြီးကျောင်းပုံစံ ရေးဆွဲပေးထားပါတယ်" ဟု SPINE Architects မှ ဦးဇော်မိုးရွှေက ရှင်းပြခဲ့ပါသည်။
အဆောက်အအုံပုံစံမှာ လိပ်ခုံးပုံသဏ္ဌာန်ဖြစ်ပြီး ခြေတံရှည်တည်ဆောက်ထားကာ အမိုးမှာများစွာ ထူးခြားကြောင်း၊ မုန်တိုင်းကျရောက်စဉ် လူအများမှာအဆောက်အဦအတွင်းထဲ၌ သာမကအမိုးပေါ်တွင်ပါ နေထိုင်နားခိုနိုင်ရန် စီစဉ်ရေးဆွဲထားသည်ဟုသိရသည်။
"အဆောက်အအုံကတော့ ဘင်္ဂလားဒေ့ရှ်မှာဆောက်တဲ့ပုံစံကို လေ့လာထားပေမဲ့ သူတို့ဆောက်ထားသလို အမိုးကအပြားမဟုတ်ပါဘူး။ လှေကားထစ်ပုံစံနဲ့မိုးထားတာပါ။ ဒီတော့ ရေအရမ်းမြင့်တက်လာတဲ့ အခါမှာ လူတွေအနေနဲ့ ခေါင်မိုးပေါ်မှာ ပြုတ်မကျပဲနေနိုင်တယ်။ နောက်လေပြင်းတဲ့အခါ ပြုတ်ကျမသွားအောင် ခေါင်မိုးပေါ်မှာလက်ကိုင်အချွန်တွေပါ တပ်ဆင်ထားတယ်။ ခြေတံရှည်ဆိုတော့ တော်ရုံမုန်တိုင်းကြောင့် ရေတက်လာ ရင်တောင် ကျွဲနွားတွေကို အောက်ခြေမှာထားလို့ရတယ်။ မုန်တိုင်းကျပြီး ကယ်ဆယ်ရေး မလာခင်အချိန်တွေမှာ ရေပြတ်လပ်မှုမရှိအောင် မိုးရေခံတဲ့ကန်ပါထည့်ဆွဲထားပါတယ်။ ဘုန်းကြီးကျောင်းဒီဇိုင်း ကိုတော့လိပ်ပုံသဏ္ဌာန်နဲ့တူလို့ Turtle လို့ အမည်ပေးထားပါတယ်။ လူနေခန်းတွေကိုတော့ ကမာ Oyster လို့ အမည်ပေးထားတယ်" ဟု ဦးဇော်မိုးရွှေက ဆက်လက်ရှင်းပြပါသည်။
Cyclone Shelters ဗိသုကာ ဒီဇိုင်းရေးဆွဲသူ ဦးဇော်မိုးရွှေ၏ကိုယ်ရေးအကျဉ်း
အမည် - ဦးဇော်မိုးရွှေ
အလုပ်အကိုင် - Principal Architect (SPINE Architects)
ပညာအရည်အချင်း - B.A in Architecture, University of California-Berkeley(1994), M.Arch, Columbia University (1997)
အထင်ကရလက်ရာအချို့ - I'Occitane Stores, American Federation of Arts, Eleven Media Headquarter (Yangon), Myanmar Times Headquarter (Yangon), Bay of Bengal (Ngwe Saung)
မုန်တိုင်းဒဏ်ခံနိုင်ရည်ရှိရန်အတွက် ဒီဇိုင်းရေးဆွဲရာတွင် လေ၀င်လေထွက် အထူးကောင်းမွန်ရန်အတွက် လည်း Cross Ventilation ကို ထည့်သွင်းရေးဆွဲထားကြောင်းနှင့် မုန်တိုင်းဖြစ်ပေါ်စဉ် အကာအကွယ်မဲ့သည့် ဒေသများရှိ ကျေးရွာများတွင် တစ်ရွာလျှင်တစ်လုံးနှုန်းမျှပင် တည်ဆောက်ထားသင့်ကြောင်းဆိုသည်။
"အဆောက်အအုံဆောက်မယ့် နေရာကို Soil Test စစ်ဆေးရမယ်။ မြေမာပါဝင်မှု၊ နုန်းမြေပါဝင်မှု ဒါတွေကိုစစ်ဆေးရမယ်။ ဒီအချက်ပေါ်မှာ မူတည်ပြီးမှ Foundation ချရမယ်။ အရေးကြီးတာက မုန်တိုင်းဖြစ်တဲ့အခါ လေပြင်းဒဏ်ကိုခံနိုင်အောင် လေ၀င်လေထွက်ကောင်းတဲ့ Cross Ventilation ပုံစံမျိုးဆွဲထားတယ်" ဟုဆိုသည်။
cyclone shelter တည်ဆောက် လှူဒါန်းရာတွင် ကာလပေါက်ဈေး အနေဖြင့်တစ်ပေပတ်လည်လျှင်ကျပ် ၁၅၀၀၀ ၀န်းကျင်သာ ကုန်ကျစရိတ် ရှိကြောင်းနှင့်ကျေးရွာတစ်ရွာအတွက် ၄၈ ပေပတ်လည် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ၁၆ ပေ၊ ၃၂ ပေ လူနေအဆောက်အအုံလေးခုလှူဒါန်း မည်ဆိုပါကကျပ်သိန်း ၆၅၀ ၀န်းကျင် သာကုန်ကျမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးမောင်မောင်ဝင်းက ရှင်းပြခဲ့သည်။
"အခုဈေးနှုန်းက တစ်ပေပတ်လည်ကို ကျပ် ၁၅၀၀၀ ၀န်းကျင်မှာ ကုန်ကျစရိတ်ရှိတယ်။ ဒါကအပြီးငြိမ်းစနစ်၊ ပုံသေစနစ်နဲ့တည်ဆောက် တဲ့နှုန်းထားဖြစ်တယ်။ အခုဆောက်မယ့် ၄၈ ပေပတ်လည် cyclone shelter ဆိုရင် ကျပ်သိန်း ၃၅၀ ၀န်းကျင်ပဲကုန်မယ်။ နောက်အသေးလေးတွေဖြစ်တဲ့ ၁၆ ပေ၊ ၃၂ ပေ cyclone shelter တွေကတော့ တစ်လုံးကိုမှ ကျပ် ၇၈ သိန်းဝန်းကျင်ပဲကုန်မယ်။ ဒီတော့ ကျေးရွာတစ်ရွာမှာ အကြီးက တစ်လုံး၊ အသေးက လေးလုံးလောက်လှူမှ ကျပ်သိန်း ၆၅၀ လောက်ပဲ ကုန်မယ်လေ။ ဒါက လူဦးရေထောင်ကျော်နေတဲ့ ရွာတွေအတွက်ဆို တော်တော်လေးလုံလောက်ပါပြီ" ဟုလည်း ဦးမောင်မောင်ဝင်းကရှင်းပြသည်။
ရေဘေး၊ လေဘေးအကာအကွယ်မဲ့သည့် ကျေးရွာများအတွက် မရှိမဖြစ်လိုအပ်နေသည့် ဆိုင်ကလုန်း ဒဏ်ခံအဆောက်အအုံများကို ယခုအခါ ပုဂ္ဂလိကအလှူရှင်များမှ ငွေအား၊ လုပ်အား၊ ပညာများဖြင့် လှူဒါန်းမှုစတင်နေပြီဖြစ်ရာ ဒေသခံများအနေဖြင့် ရဲတင်းစွာနေထိုင်လာနိုင်တော့မည် ဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။
Ref : BiweeklyEleven
Posted by ဘိုဘို at 10:32 AM 3 comments
Labels: အကူအညီ
ကမ္ဘောဒီးယားနိုင်ငံမှ အမျိုးသမီးများသည် လက်ထပ်ပွဲစားများ နှင့်ဆက်သွယ်ကာ ကိုရီးယားနိုင်ငံသား၊ ထိုင်ဝမ်နိုင်ငံသားတို့နှင့် လက်ထပ်လာကြမှုသည် အလွန်စိုး ရိမ်ဖွယ် ရာအခြေအနေသို့ ရောက်ရှိလာနေ သည်။ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး လက် ထပ်နေကြမှု နှုန်းထားကို ကမ္ဘောဒီးယားနိုင်ငံရှိ ကိုရီးယား သံရုံးမှ လက်ထပ်ဗီဇာ(Marriage Visa)ထုတ်ပေးနေမှုကိုကြည့်ပါကသိ နိုင်သည်။
၂၀၀၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသူ ၇၂ ဦး၊ ၂၀၀၅ ခုနှစ် တွင် ၁၅၁ ဦး၊ ၂၀၀၆ ခုနှစ်တွင် ၃၆၅ ဦး၊၂၀၀၇ ခုနှစ်တွင် ၁၇၅၉ဦး နှင့် ၂၀၀၈ ခုနှစ်၊ဇန်န၀ါရီလ တစ်လတည်းပင် ၁၆၀ဦးထုတ်ယူ ထားကြသည်ကိုတွေ့ရ သည်။ကိုရီးယားနိုင်ငံသို့သွားရောက်ရန် လက်ထပ်ဗီဇာထုတ်ယူမှုသည် လေးနှစ်အတွင်း ၅၀၀ရာခိုင်နှုန်း ထိ တိုးတက်များပြားလာနေသည်။ထူးခြားချက်မှာ ကမ္ဘောဒီးယားနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ လက်ထပ်ရန်အတွက် သွားကြမှု တွင် လူကုန်ကူးမှုပြဿနာ ကြီးကြီးမားမားဖြစ်ပေါ်ခြင်း မရှိသေးပေ။သို့သော်လည်း ထိုသို့ နိုင်ငံကူးပြီး လက်ထပ်လာကြသည့် ပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းရန် လိုအပ်နေပြီဖြစ်သည်။ကမ္ဘောဒီးယား အမျိုးသမီးငယ်များအား တိုင်းတစ်ပါးတွင် လက်ထပ်ရန်အတွက် မည်သို့မည်ပုံလူစုဆောင်းကြသည့် အလေ့အထများနှင့် နိုင်ငံခြားသားများနှင့်လက်ထပ်ထားကြသော ကမ္ဘောဒီးယားနိုင်ငံသူများသည် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရခြင်း၊လှည့်ဖြားခြင်း(သို့မဟုတ်)ခေါင်းပုံဖြတ်ခံရခြင်းတို့ ရှိနေခြင်း ဟုတ်၊မဟုတ် ကိုသေချာရန် ကာကွယ်မှုယန္တရားများ ပိုမိုဆောင်ရွက်ပေးရန် လိုအပ်လာသည်ကိုသတိပြုမိလာကြ သည်။
ဖွံ့ဖြိုးပြီးနိုင်ငံများမှ အမျိုးသားများသည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ခရီးထွက်လာကာ ထိုနိုင်ငံသူများကို ငွေပေးပြီး ဇနီးမယားအဖြစ် ပေါင်းသင်းလာကြသဖြင့် လက်ထပ်ပွဲစားများအတွက် အကျိုးအမြတ်များစွာ ရရှိသလို ကမ္ဘောဒီးယားနိုင်ငံ သူများ ကိုရီးယားနိုင်ငံသို့သွားကာအိမ်ထောင်ပြုမှုများ ရှိလာသောကြောင့်လည်း ပွဲစားများအတွက် ထိုဈေးကွက်နှစ်ခုမှ အမြတ်အစွန်း မြောက်မြားစွာဖြင့် အလုပ်ဖြစ်နေကြသည်။ကမ္ဘောဒီးယား အစိုးရအတွက် နိုင်ငံခြားသားနှင့် လက်ထပ်လာကြမှု များပြားလာခြင်းသည် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကြုံတွေ့နေ ရသည်။ထို့အပြင်ကမ္ဘောဒီးယားအမျိုးသမီးများ လွတ်လပ်စွာ ရွေးချယ်နိုင်မှုနှင့် ၄င်းတို့၏အခွင့်အလမ်းများရရှိရန် အတွက် အကာအကွယ်ပေးရေးကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်နေ သည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ သုတေသနစာတမ်းများ ထွက်ပေါ်လာပြီး သည့်နောက် နိုင်ငံခြားသားနှင့်လက်ထပ်မှုကို ယာယီအားဖြင့် ပိတ်ပင်တားဆီးလျက်ရှိသည်။ထိုပြဿနာကိုဖြေရှင်းရန် နည်းလမ်းရရှိသည် အထိ ပိတ်ပင်တားဆီးနေမည်ဖြစ်သည်။သို့သော်ကိုရီးယားအစိုးရအနေ ဖြင့် ကမ္ဘောဒီးယားနိုင်ငံသူများ ကိုရီးယားနိုင်ငံသား များနှင့်လက်ထပ်နေကြခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂ၏ လူကုန်ကူးမှုဆိုင်ရာ အဓိပ္ပာယ်နှင့်ကိုက်ညီမှုမရှိကြောင်း၊မပတ်သက် ကြောင်း တုံ့ပြန်ပြောဆိုလျက်ရှိနေသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ကိုယ်တိုင် အမိန့်ထုတ်ပြီး မတ်လစောစောပိုင်းက လက်ထပ်ပွဲစား ကိုယ်စားလှယ်လုပ်ငန်း များကို ပိတ်ပစ်ခဲ့သည်။ထိုကိုယ်စားလှယ် လုပ်ငန်းများအနေဖြင့် အမြတ်အစွန်းများ စွာရရှိလျက်ရှိရာ အမျိုးသားများမှ အလိုရှိ သည့်သတို့သမီးတစ်ဦးအား လက်ထပ်လိုလျင်လက်ထပ်ပွဲစားသို့ အမေရိကန်ဒေါ်လာနှစ်သောင်း ထိပေးရသည်။သို့သော် ကံကောင်းသည့် အမျိုးသမီးဘက်မှ မိသားစု သည်အမေရိကန်ဒေါ်လာတစ်ထောင်ခန့်သာရကြသည်။ဥပဒေနှင့်အညီ တရား ၀င်လမ်းကြောင်းမှသွေဖည်ပြီး လက်ထပ်ပွဲစားများနှင့်သာ ဥပဒေမဲ့ လက်ထပ်ရေးကိစ္စလုပ်ဆောင်ပါက ခေါင်းပုံဖြတ်ခြင်း (သို့မဟုတ်) လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့်ခံရခြင်းတို့ ကြုံတွေ့ရနိုင်သည်ဟု လေ့လာနေသည့်နိုင်ငံတကာအဖွဲ့ အစည်းများမှ သုံးသပ်ကြသည်။
ပွဲစားများမှတစ်ဆင့် လက်ထပ်ခြင်းခံရသော အမျိုးသမီးငယ်အများစုမှာ အသက်(၂၀-၂၁)နှစ် အရွယ်များ ဖြစ်ပြီး စာမတတ်သူ၊ ဆင်းရဲသည့် မျိုးရိုးရှိသူများဖြစ်ကြသည်။၎င်းအပြင် တစ်ဖက်နိုင်ငံရောက်ရှိ သွားပါက မည်သို့သောဘ၀မျိုးဖြင့် ရပ်တည်ရ မည်ကို အသိအမြင်၊ ဗဟုသုတလည်းမရှိကြ၊ကိုရီးယားနိုင်ငံတွင်ဟင်းရွက်၊ ကန်စွန်းရွက်ခူးသည့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ် ကိုင်ရမည်ကိုလည်း သတိမမူမိကြ။၎င်းတို့သည် ကိုရီးယားရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းများကြည့်ပြီးစိတ်ကူးယဉ်ကာ ယဉ်ကျေးမှု ခြားနားခြင်း၊ဘာသာစကားခြား နားခြင်းနှင့် ကျေးလက်ဒေသတွင်နေထိုင်ရလိမ့်မည်ကို သတိမမူဖြစ်ခဲ့ကြသည်။
ထိုအမျိုးသမီးများသည် မြို့ပြရှိ ခင်ပွန်းလောင်းများကိုသာရှာဖွေကြခြင်းကြောင့် စက်ရုံ၊အလုပ်ရုံနှင့်လယ် ယာလုပ်ငန်းလုပ် ကိုင်ကြသည့် ကာယလုပ်သားများဖြစ်ကြသော ၄င်းတို့နေရပ်မှ ဒေသခံအမျိုးသားများသည် အသက် ၃၉ နှစ်အရွယ်ရောက်နေ သည့်တိုင် လက်ထပ်ရန်အခွင့်အလမ်းများ လက်လွတ်ဆုံးရှုံးနေကြရသည်။မိန်းကလေးရှင် မိဘများအနေဖြင့်ငွေကြေးရရှိ သည့်အပြင် ၄င်းတို့၏သမီးများအား အိမ်ပြန်ပို့ပေးမည့်ကတိများကိုယုံကြည်ကြသဖြင့်ထိုသို့ပြည်ပနိုင်ငံသားများနှင့် လက်ထပ်ပေးရေးကို စိတ်အားထက်သန်စွာ လိုလိုလားလားလက်ခံအား ပေးမှုပြုနေကြသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် လက်ထပ်ပွဲစားလုပ်ငန်းများ များပြားလာရခြင်းသည် ဗီယက်နမ်နိုင်ငံမှ ထိုအေဂျင်စီများ ရွှေ့ပြောင်း လာ ကခြင်းကြောင့်လည်းဖြစ်သည့်အပြင် ဗီယက်နမ်နိုင်ငံတွင် အစိုးရ၏ ထိရောက်စွာ နှိမ်နင်းခြင်းနှင့် ထိုကဲ့သို့ ကိုယ်စားလှယ် လုပ်ငန်းများ အပြိုင်အဆိုင်များပြားလာခြင်းတို့ ကြောင့်လည်းဖြစ်သည်။တစ်နိုင်ငံမှ တစ်နိုင်ငံထိုလုပ်ငန်းများ ပြောင်းရွှေ့တိုး ပွား လာကြခြင်းသည် လူများ၊ပစ္စည်းများ၊၀န်ဆောင်မှုများလွတ်လပ်စွာရွှေ့ပြောင်းကြသည့် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ် ကြောင့်လည်းဖြစ်သည်။ကိုရီးယားနိုင်ငံတွင် လက်ထပ်ပွဲစားစနစ်ကြောင့် ဖြစ်ပေါ်လာသော ခေါင်းပုံ ဖြတ်မှုအထောက်အထား အခိုင်အမာမတွေ့ရှိရသေးချေ။
ထိုင်ဝမ်နိုင်ငံတွင် နှစ်ပေါင်းများစွာကတည်းက ကမ္ဘောဒီးယားအမျိုးသမီးများဖြင့် ထိုင်ဝမ်နိုင်ငံသား များ လက်ထပ်ပေါင်းသင်း နေထိုင်ကြသည်။သို့သော်လည်းနှိပ်စက်ညှဉ်းပမ်းမှု၊မဟားတရားပြုကျင့် မှုများအများအပြားတွေ့ရှိရသည်။ယနေ့ထိတိုင် ထိုင်ဝမ်နိုင်ငံတွင် ကမ္ဘောဒီးယားသတို့သမီးများ (၅၀၀၂၁၉) ဦးနေထိုင်ကြလျက်ရှိပြီး အများစုမှာ စော်ကားမှုပုံစံ အမျိုးမျိုးခံနေ ကြရသည်။အချို့မှာစား သောက်ဆိုင်များတွင်လုပ်အားခေါင်းပုံဖြတ်ခံကြရသလိုအချို့မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုကျင့် ခြင်းခံနေကြရသည်။ထိုကမ္ဘောဒီးယားသူအများစုသည်လှပချောမောသူများ ထွက်ရှိဟုနာမည်ကြီးဒေသဖြစ်သည့် Kompong Cham ပြည်နယ်မှဖြစ်ကြသည်။ထိုင်ဝမ်နိုင်ငံသို့ သွားရောက် လက်ထပ်ကြသူများသည်လက်ထပ်ပွဲစားများနှင့်ဆက်သွယ်ပြီး သွားရောက်ကြသည်ထက် မိမိအဆက်အသွယ်နှင့် မိမိဆက်သွယ်စုံစမ်းကာ သွားရောက်ကြမှုကပိုများသည်။ ထိုင်ဝမ်နိုင်ငံသား များသည် အမေရိကန်ဒေါ် လာတစ်သောင်းမှ နှစ်သောင်းအထိ အမျိုးသမီးငယ်များအား ပွဲစားများမှ တစ်ဆင့်ပေးဝယ်ကြသော် လည်း အမျိုးသမီးငယ်များအဖို့အမေရိကန်ဒေါ်လာ ၃၀၀ ခန့်လောက်သာလက်ဝယ်ရရှိကြရသည်။ယခု နောက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ One-China Policy ကိုလက်ခံကျင့်သုံးပြီး ထိုင်ဝမ်နှင့် အရောင်းအ၀ယ်လုပ်ငန်းကိစ္စ ရပ်များတွင် သိသိသာသာလျော့ချမှုများကြောင့် ပွဲစားဖြင့်ထိုင်ဝမ်သို့ သွားရောက်လက်ထပ်မှုသည်လည်း ကျဆင်းလျက်ရှိနေ သည်။သို့သော် အခြားတစ်ဖက်တွင်ကိုရီးယားနိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံသူများ အစုလိုက်အပြုံလိုက် သွားရောက်လက်ထပ် ကြမှုများပြား လာမှုသည်လွန်စွာ စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်လာသဖြင့်ကမ္ဘောဒီးယားအစိုးရအနေဖြင့်အရေးယူဆောင် ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
ကမ္ဘောဒီးယား ၀န်ကြီးချုပ်က ကိုရီးယား လက်ထပ်ပွဲစားကုမ္ပဏီများ အားလုံးပိတ်ပစ်သော်လည်း တရားဝင် မှတ်ပုံတင်ထား ခြင်းမရှိသည့် တရားမ၀င်ကုမ္ပဏီအချို့ရှိနေသေးသည်။၎င်းတို့နိုင်ငံသားများသည် အသိအမြင်နည်းပါးပြီး ကြော်ငြာများနှင့် ငွေရရှိမှုကိုသာ စိတ်ကူးလျက် ကိုရီးယားနိုင်ငံသို့သွားရောက်လက်ထပ်ကြခြင်းသည် လူကုန်းကူးခြင်းခံရမှု အမျိုးအစားများထဲ မှ တစ်ခု ဖြစ်သည်ဟု ဆိုနိုင်သည်။
၎င်းကိစ္စနှင့်ပတ်သက်၍ကမ္ဘောဒီးယားနိုင်ငံရှိ ကိုရီးယားသံအရာရှိများကမူ ထိုသို့လက်ထပ်မှု တိုးပွားလာခြင်းသည် တကယ် တမ်း စိုးရိမ်ဖွယ်ရာမရှိဟု မှတ်ချက်ပြုကြသည်။ကိုရီးယားဗီဇာထုတ်ပေးသည့် သံအရာရှိများကလည်း ကမ္ဘောဒီးယားနိုင်ငံသူ များကို တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာသဘောရိုးဖြင့် သွားရောက်လက်ထပ်လိုသူများဖြစ်ခြင်း၊၄င်းတို့ ကိုယ်တိုင်ကိုရီးယားနိုင်ငံ တွင် ဘ၀ကို ထိန်းကျောင်းနိုင်သည်ဟု ယုံကြည်မှုအပြည့်ရှိသူများဖြစ်ခြင်း၊၄င်းတို့၏ သာယာသည့်အနာဂတ်ဘ၀ ရရှိလိုခြင်း တို့ကြောင့် ဗီဇာလျောက်ထားခြင်းဖြစ်သည်ဟု ပြောဆိုကြသည်ဟုဆိုသည်။ကိုရီးယားသံရုံးအနေဖြင့်လည်းကမ္ဘောဒီးယား နိုင်ငံရှိ ကိုရီးယားလက်ထပ်ပွဲစား အေဂျင်စီများကိုအနီးကပ်စောင့်ကြည့်လျက်လည်းရှိနေသည်။
သို့သော် ကမ္ဘောဒီးယား မိသားစုအများအပြားကို ကိုရီးယားနိုင်ငံ၏အကောင်း၊ အဆိုးဘ၀အမှန်များ၊ကျရောက်နိုင်သည့် အန္တရာယ်များ၊ ကိုရီးယားနိုင်ငံ ပတ်ဝန်းကျင်နှင့် အသားကျအောင် ဘာသာစကား မှအစ အသိပညာပေးမှုများ လိုအပ်လျက် ရှိသည်။ ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသည့် ကမ္ဘောဒီးယားအိမ်ထောင်ရှင်မများကို နှစ်သိမ့်ပညာ ပေးခြင်းနှင့် လုံခြုံစိတ်ချ ရသည့် ခရီးလမ်းကြောင်းများပိုမိုထားရှိသင့်သည်ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းများက ထောက်ပြလျက်ရှိနေသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဒေသအတွင်းတွင် တိုင်းတစ်ပါးသားများနှင့် လက်ထပ်ပွဲစားများမှတစ်ဆင့် လက်ထပ်မှုလုပ်ငန်း ကျယ် ပြန့်စွာဖြစ်ထွန်းနေခြင်းသည် မိမိနိုင်ငံ၏ အမျိုးသမီးငယ်လေးများအတွက် ခြိမ်းခြောက်မှုတစ်ခု တိုးပွားလာနေသည်ဟု ခံယူသ တိပြုကြရမည်သာ ဖြစ်ပေသည်။
Source: UNIAP-Cambodia Office (24.4.2008)Ref : BiweeklyEleven
Posted by ဘိုဘို at 6:00 PM 0 comments
Labels: အကူအညီ
အခုကျွန်တော် ဘလော့ဂ်အသစ်တခုလုပ်ထားတယ်။ ဘောလုံးနဲ့ပတ်သက်တာတွေပေါ့.. ဂျာနယ်ပုံစံလေးလုပ်မှာ.. အခုတော့ အဲဒီဘလော့လေးမှာ အခုလတ်တလောပေါ်ပြူလာဖြစ်နေတဲ့ ဘောလုံးသမား အပြောင်းအရွှေ့၊ ယူရို (၂၀၀၈) ဘောလုံးပွဲ သတင်းတွေတင်ထားတယ်.. နောက်အချိန်ရရင် အခြားအားကစားနည်းလေးတွေကိုပါတင်ပေးသွားမှာပါ.. နောက်ထပ်အစီအစဉ်လေးတွေတိုးချဲ့ဖို့လည်းရှိပါတယ်.. အားကစားဗဟုသုတတွေပေါ့.. ဒါတွေအားလုံးကို ကျွန်တော်တယောက်တည်း မလုပ်နိုင်ဘူး.. ဒါကြောင့် ကျွန်တော်ကို ကူညီမယ့် သူငယ်ချင်းတွေကို ဖိတ်ခေါ်ပါတယ်.. ကျွန်တော့်ရဲ့ အားကစားဘလော့ဂ်လေးမှာ Member ၀င်ကြပေးပါ.. ကျွန်တော်က Member ၀င်တွေကို အပိုင်းပိုင်းလေးတွေနဲ့ တာဝန်လေးတွေခွဲပေးသွားမှာပါ.. Member တွေထဲမှာ တာဝန်ယူမယ်လူတွေကို ကျွန်တော်က Permissions ခွဲပေးပါမယ်.. ဘလော့ဂ်က သူငယ်ချင်းတွေစုပြီး ဘောလုံးဂျာနယ်ပုံစံလေး ဘလော့ဂ်တခုလောက် လုပ်ကြရအောင်.. ကျွန်တော်က အရင်က Eleven Sport Journal မှာ Junior Editor And Reporter လုပ်ဖူးပါတယ်.. အားလုံးက ကျွန်တော်နဲ့အတူ ပူပေါင်းပါဝင်ကူညီကြပါလို့ ဖိတ်ခေါ်အပ်ပါတယ်.. နောက် ကျွန်တော်တို့အားတဲ့ တနွင်္ဂနွေနေ့တိုင်းမှာ ဘလော့ဂ်က သူငယ်ချင်းတွေစုပြီး ဘောလုံးကန်ရအောင်.. လူများရင် ကွင်းကြီးကန်မယ်၊ လူနည်းရင် W ကန်ကြမယ်လေ... ကျွန်တော်မှာ ကန်မယ့်သူငယ်ချင်း (၃)ယောက်ရှိတယ်.. သူငယ်ချင်းတို့လည်း ကန်ချင်တယ်ဆိုရင် .. Comments Box မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးရေးပေးခဲ့ပါ.. ကျွန်တော်လူစုပြီးဆက်သွယ်ပါ့မယ်.. အဲ.တခုတော့ရှိတယ်နော်.. ကျွန်တော်တို့ကန်မှာက စင်္ကာပူမှာနော်... ဟီးဟီး... အရမ်းကန်ချင်တယ်ဆိုလည်း Flight ငှားပြီးလာကန်ပေါ့..
ကျွန်တော်အခုလောလောဆယ်လုပ်ထားတာလေးတွေကိုကြည့်ချင်တယ်ဆိုရင်အဲဒီမှာဝင်ကြည့်လို့ရပါတယ်
Posted by ဘိုဘို at 12:09 PM 4 comments
Labels: အကူအညီ
အခုတလော ကျွန်တော်အလုပ်ကိစ္စတခုနဲ့ ရှုပ်နေလို့ ကျွန်တော့် ဘ လော့ဂ်မှာ ပိုစ့်မရေးအားဘူးဖြစ်နေတယ်.. ဘာတွေနဲ့အလုပ်ရှုပ်နေလဲ ဆိုတော့ ရန်ကုန်ပြန်သွားတဲ့ ကျွန်တော်သူငယ်ချင်းက သူအခု လေဘေး ဒုက္ခသည် တွေကို ကူညီတဲ့အလုပ်ကိုလုပ်နေတယ်တဲ့.. သူတို့က ဒုက္ခ ရောက်တဲ့သူတွေဆီကို အပတ်တိုင်းသွားပြီး သူတို့ တွေရဲ့ နေရေးထိုင် ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေးကအစ ကူညီပေးနေတာဖြစ်ပါ တယ်.. ဒါကြောင့် သူက ဒီမှာရှိတဲ့ သူငယ်ချင်းတွေဆီကနေ ရသလောက် အကူအညီတောင်းပေးပါတဲ့.. ကျွန်တော်တို့အတွက်က (၁)ကျပ်၊ (၂)ကျပ် လောက်ဟာ ဘာမှမပြောလောက်ပေမယ့် ဒုက္ခသည်တွေအတွက်က တော့ ထမင်း(၂)နှပ် လောက်စားနိုင်သောက်နိုင်ပါတယ်... ဒုက္ခသည်တွေ ဘယ်လောက်များလည်းဆိုရင်... ကျွန်တော်တို့တွေဘယ် လောက်ပဲလှူ လှူ မလောက်ဘူးဖြစ်နေပါတယ်.. ဒါကြောင့် ကျွန်တော်ရဲ့သူငယ်ချင်း တွေအနေနဲ့ ဒုက္ခရောက် နေတဲ့လူတွေကို စာနာထောက်ထားပြီး စေတ နာရှိသလောက် လှူကြပါ... ဒီကလူတွေက လှူပြီးသားဖြစ်ပေ မယ့်လည်း နောက်ထပ် စေတနာရှိသလောက် ထပ်လှူပါလို့ ကျွန်တော်တိုက်တွန်း ချင်ပါတယ်.. ကျွန်တော်တို့ အလှူငွေတွေကို ဒီလနောက်ဆုံးထားပြီး ကောက်ခံသွားမှာပါ.. ရရှိလာတဲ့ အလှူငွေတွေကို.. နောက်လမှာပြန် မယ့် ကျွန်တော်တို့ သူငယ်ချင်းနဲ့ ထည့်ပေးလိုက်မှာဖြစ်ပါတယ်.. အလှူရှင်တွေရဲ့ စာရင်းကိုလည်း ကျွန်တော့် ရဲ့ဘလော့ဂ်မှာဖော်ပြပေး သွား မှာဖြစ်သလို.. ကျွန်တော်တို့ ရန်ကုန်ကအဖွဲ့သွားရောက် ကူညီပေး ထားတဲ့ ဓါတ်ပုံ တွေကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်.. လှူဒါန်းချင် တယ်ဆိုရင်.. ကျွန်တော်တိှု့ဆီကို ဆက်သွယ်နိုင်ပါတယ်..
daumen13@gmail.com , hhzbobo@gmail.com
"ဒီကလူတွေက လှူပြီးသားဖြစ်ပေမယ့်လည်း နောက်ထပ် စေတနာရှိသလောက် ထပ်လှူပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်..(၁)ကျပ်ထည့်သည်ဖြစ်စေ၊ (၂)ကျပ်ထည့်သည်ဖြစ်စေ ပါဝင်ကူညီပေးပါ... ဒီက ပိုက်ဆံ (၁)ကျပ်၊ (၂)ကျပ်ဟာ ဒုက္ခရောက်နေသော သွေးချင်းညီအစ်ကို၊ မောင်နှမများအတွက် လွန်စွာတန်ဖိုးရှိလှပါတယ်... ဒါကြောင့် မိမိတို့ စေတနာရှိသလောက် ပါဝင်ကူညီပေးပါ..."
ဘလော့လင့်စ်တွေကတော့
http://maunghanhtutzaw.blogspot.com/ (ကိုယ်တိုင်ရေးရာဇ၀င်)
http://bogyibo.blogspot.com/ (လေလွင့်ငှက်ငယ်၏ ခြေရာတစုံ)
နာမည် SGD
- HAN HTUT ZAW 50
- BO BO KYAW 40
- KHIN MAR THANT 50
- KYAW ZAY YA 10
- NANDA 20
- SU HNIN WINT YEE 5
- YE LAY (ITE) 10
- NAN THU ZAR 10
- HTUT KHAUNG 5
- LINT LINT (TMIS) 10
- KO MYO MIN WIN (TMIS) 10
- EI MAW (TMIS) 5
- WANG XLU LING (TMIS) 10
- LI YE (TMIS) 10
- PHYU PHYU CHO (TMIS) 10
- THET AUNG 10
- EI EI MYO @ PHYU PHYU THAW (TMIS) 10
- KHWAOR NEO THAN (TMIS) 50
- AYE NYEIN SOE (TMIS) 10
- NANG NOON LAO KHAM (TMIS) 10
- SHUHONG 5
Posted by ဘိုဘို at 10:50 AM 0 comments
Labels: အကူအညီ

