<<< ဘယ်သူလဲဆိုတော.. >>> လူထဲကလူတယောက်ပဲ... လူတွေအားလုံးကို ခင်တယ်... ပွင့်ပွင့်လင်းလင်းနေတတ်တယ်.. ဟန်ဆောင်တာကိုအမုန်ဆုံးပဲ..သူငယ်ချင်းတွေကိုအရမ်းခင်တတ်ပါတယ်.. ကျွန်တော်ကို သူငယ်ချင်းအားလုံးက မျောက်လောင်းလို့ခေါ်တယ်.. လူတယောက်ကိုခင်မိပြီ ဆိုရင်လည်း အဆုံးစွန်ထိ ခင်တတ်သလို ... အဲဒီလူကိုမခေါ်တော့ဘူးဆိုရင်လည်း.. လုံးဝလှည့်မကြည့် ဘူး.. အဲဒါကျွန်တော့်အကျင့်ပဲ.. တယောက်တည်းနေရတာကိုကြိုက်တယ်၊ အဲဒီလိုအချိန်မှာ တခုခုကို အမြဲတွေးနေတတ်တယ်..အခုကျွန်တော်က လွတ်လပ်သော မြန်မာနိုင်ငံ (စင်္ကာပူ)ကိုလာပြီး အလုပ်လုပ်နေ တယ်.. ကျွန်တော်ကိုဆက်သွယ်ချင်ရင် hhzbobo@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. မကြိုက်ရင်လည်း သူငယ်ချင်း မလုပ်နဲ့... ကြိုက်တယ်ဆိုမှလုပ်ပါ.. ကျေးဇူးတင်ပါတယ်..
Showing posts with label စိတ်ထဲမှာရှိတာလေးတွေ. Show all posts
Showing posts with label စိတ်ထဲမှာရှိတာလေးတွေ. Show all posts
03 June 2008

<<< ဒီတရက်အတွက် အရယ်ရဆုံး သတင်းတပုဒ်.. >>>
ဒီစာလေးက ကျွန်တော်ကိုဓါတ်ပုံလေးတွေပို့ပေးတဲ့ သူငယ်ချင်းပဲပို့ပေးတာ.. ကျွန်တော်မေးလ်ထဲ ပို့ထားတာကြာပြီ.. အခုမှသတိရလို့တင်ပေးလိုက်တာ
ရေးသူ - အမည်မသိ

(ရေးသူက မနေ့က လုပ်ကြံခံရတဲ့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုကိုတော့ အားနာပါရဲ့လို့ စကားပလ္လင် ခံထားလေရဲ့)

မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း ဆောင်းပါး ရေးထားတာတဲ့။ ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။ အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလို ပြန်ဖြေတယ်။

ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။ မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့် ပြန်ကြည့်တယ်။ ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း လဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။ မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။ ။

မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။ အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ" ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင် နွားနေပြည်တော် ဖြစ်မှာ …။

[+/-] ဆက်ဖတ်မယ်လေ...

<<< လူမိုက်မှ လူကောင်းသို့.. >>>
ကျွန်တော်စင်္ကာပူရောက်တော့ သီတဂူဆရာတော်ကြီးရဲ့ တရားပွဲကိုရောက်သွားသေးတယ်.. အဲဒီမှာ ဆရာတော်ကြီးပြောတဲ့စာစုလေးကိုကြိုက်လို့ ကျွန်တော်မှတ်မိသလောက် ကျွန်တော်ဘလော့ဂ်မှာ ပြန်ရေးလိုက်တာပါ.. ကျန်ခဲ့တာရှိရင်ခွင့်လွှတ်ပေးပါ.. ဆရာတော်ကပြောတယ်..

လူမိုက်ကနေ လူကောင်းဖြစ်ချင်ရင်
အမှားကိုအမှားမှန်းသိရမယ်
ကိုယ်မှားတာကို ကိုယ်ဝန်ခံရမယ်
နောက်မလုပ်တော့ပါဘူးလို့ ကတိပေးရမယ်။

အဲဒီချိန်မှာ ကျွန်တော်စိတ်ထဲကနေ ဘုန်းဘုန်းကိုလျှောက်လိုက်မိတယ်.. တပည့်တော်တော့ မထင်ပါဘုရားလို့

[+/-] ဆက်ဖတ်မယ်လေ...

<<< ကူကြစို့.. >>>



ကျွန်တော်အစ်ကို မုတ်သုန် ရဲ့ Wordpress ကနေ ကူထားတဲ့ ကဗျာလေးပါ..

[+/-] ဆက်ဖတ်မယ်လေ...

21 May 2008

<<< နာဂစ်နဲ့ဂျာရစ်.. >>>
အမရေ၊ အဘရေ နိုးကထဲက ရှာလို့မရသေးပါလားနော်။ ငါအော်နေတာ အသံတောင်ကုန်တော့မယ်။ မနက်ကျရင် လာခေါ်မယ်ပြောပြီး ခုထိလဲ မလာသေးဘူး။ ခဏခဏအော်တော့ ဆရာတော်ကြီးက မုန့်စားတဲ့။ အင်းလေ ငါလဲဗိုက်ဆာပြီဆိုတော့ စားလိုက်တာပေါ့။ ဆရာတော်ဘရားကြီးက ငါတို့ကလေးတွေ အားလုံးကို ဘီစကစ်တစ်ချပ်နဲ့ ငှက်ပျောသီးတစ်လုံး ကျွေးတယ်သိလား။ ဒါနဲ့ငါတို့တွေလဲ မုန့်စားပြီး ငြိမ်ငြိမ်လေး နေရတာပေါ့။ တော်ကြာဆရာတော် စိတ်ဆိုးရင် ကြိမ်လုံးနဲ့ဆော်နေအုံးမယ်။ မနေ့ညကထ့က အဘနဲ့အမက ငါ့ကို ဆရာတော်ကျောင်းကို လိုက်ပို့ထားတာ။ အင်းအဲလိုပါပဲ ရွာကကလေးတွေတော်တော်များများ ကျောင်းထဲမှာရောက်နေတာ။ ညကလေတွေ မိုးတွေရွာနေတုန်း လိုက်ပို့တာ။ ငါပျော်လိုက်တာလေ မိုးတွေရေတွေထဲသွားရတာ သွားရတာ။ ဆော့ချင်တာ အဘက မဆော့ရဘူးဆိုလို့သာ ငြိမ်နေရတာ။ ငါ့ကိုပို့ပြီးတော့ အမရော အဘရော ဆရာတော်ကို ကန်တော့ပြီးပြန်သွားတယ်။ အိမ်သွားပြီး အထုပ်သိမ်းအုံးမယ်တဲ့။ ဆရာတော်က မြန်မြန်ပြန်လာလို့တော့ ပြောသံကြားသားပဲ။ ခုထိကို ပြန်မလာကြသေးဘူး။ ဟွန်းစိတ်ဆိုးချင်လာပြီ။ လာရင်တော့ စိတ်ကောက်ပြအုံးမယ်။

ဟင် အိမ်ဘေးက ဦးခွေးကြီးလာပြီ။ အမတို့ မလာသေးဘူး။ ဆရာတော်ကို ပြောနေတယ် ညက အခြေအနေ အတော်ဆိုးတယ်တဲ့။ ရေတွေကလဲ ကြီးတယ်ဆိုပဲ။ ပြောရင်းနဲ့ ငိုနေပြန်ပြီ။ ယောက်ျားဆိုတာ မငိုရဘူးတဲ့ အဘကပြောဖူးတယ် ဦးခွေးက ယောက်ျားကြီးတန်မဲ့ ငိုတယ်နော်။ ဘာလို့လဲ မသိဘူး။ ရွာကလူတွေ တော်တော်များများ နာဂစ်နဲ့ ပါသွားပြီတဲ့။ နာဂစ်ဆိုတာ ဘယ်သူလဲဟင်။ ဆရာတော်လည်း မျက်နှာမကောင်းပါလား။ အာ နေ့လည်ရောက်တော့မယ် ဗိုက်က ပြန်ဆာလာပြီ။ ဦးခွေးကြီးကို မေးမှပဲ အဘတို့လာသေးဘူးလားလို့။ ဟင် ငါမေးတာ ဖြေလဲမဖြေဘူး။ မျက်ရည်တွေနဲ့ လူကြီးဖြစ်ပြီး ငိုနေပြန်ပြီ။ ဧကန်န ဆရာတော်ဆူလိုက်သလား မသိဘူး။ ဘာတဲ့ အဘရော အမပါ နာဂစ်နဲ့ ပါသွားတယ်။ ခက်တော့တာပဲ ငါ့ကျတော့ မခေါ်ဘူး။ ဒါဆို ညနေမှ လာမှာလား မသိဘူး။ ဟော ဆရာတော်က နေ့လည် ထမင်းစားခိုင်းနေတယ်။ ပွတာပဲ ဘုန်းကြီးကျောင်းမှာက ဟင်းကောင်းတတ်တယ်။ ဟင် ဒီတခါ ဟင်းလဲ မကောင်းဘူး။ တတ်နိုင်ဘူးလေ ရတာ စားရမှာပေါ့။ ဗိုက်ကဆာနေတာကိုး။

အဘနဲ့အမ ငါ့ကို လာမခေါ်တာ ၂ ရက်ရှိပြီး ဆရာတော်ကို မေးတော့လဲ နာဂစ်ပဲ ထပ်ပြောတယ်။ အမတို့ အဘတို့ ရက်စက်ပါ့ ငါ့ထက် နာဂစ်ကို ပိုပြီးဂရုစိုက်နေကြတယ်။ အင်း ခုလဲ ဆရာတော်ဆီကို လူကြီးတွေလာနေကြတယ်။ အမလာမှ ပြောရအုံးမယ်။ အဲဒီ့လူကြီးတွေကလေ တို့ရွာမှာ ရေတွေကြီးနေတာကို ပြောနေတယ်။ ရေကြီးတာ ဘာဖြစ်လဲနော် လှေနဲ့သွားပေါ့။ ငါတို့လဲ အရင်က ဒီလိုပဲ သွားနေကျပဲလေ။ အဲဒီ့လူကြီးတွေတင် မဟုတ်ဘူး ရွာနောက်ဘက်က လူတွေလဲ ဒီမှာ ရောက်နေကြတယ်။ အမရေ ဆရာတော်ကျောင်းထဲမှာ ခုဆိုလူတွေ အတော်များနေကြပြီဗျ။ ငါမနေတတ်တော့ဘူး မြန်မြန်လာခေါ်ပါတော့။ ဒီလောက် လူများပုံထောက်ရင် အလှူရှိတယ် ထင်တယ်နော်။ ဒါပေမယ့် ဒီတခါ အလှူလုပ်မယ့်ပုံကတမျိုးကြီးပဲ။ ဘယ်သူမှလဲ ပျော်ပျော်ရွှင်ရွှင် မတွေ့ရဘူး။ မနေ့ညနေကလေ ကျောင်းအောက်နား ဆင်းကြည့်တာ ရွာဘက်ကို မျှော်ကြည့်တော့ ရေတွေချည်းပဲ။ အိမ်တွေတောင် မမြင်ရဘူး။ ဆရာတော်ကျောင်းထဲကနေ အရင်တုန်းက ကြည့်ရင် ရွာကိုမြင်ရတယ် ခုတော့ ရေတွေချည်းပဲ။ အဲဒါကပ္ပိယကြီးကို မေးတော့ နာဂစ်ကြောင့်တဲ့။ လာပြန်ပြီ နာဂစ် ဘာမှန်းလဲ မသိဘူး ဒါပဲပြောနေကြတယ်။

အမရေ ဒီနေ့တော့ မြို့ကလူတွေ မုန့်တွေလာဝေကြတယ်ဗျ။ သူတို့ကလေ မုန့်ဝေမယ်ပြောလို့ ကျောင်းဝန်းထဲမှာ တန်းစီပြီးစောင့်နေကြတာ အများကြီးပဲ။ သူတို့က မုန့်ဝေမယ်လဲပြောသေးတယ် နေ့လည်အထိလဲ မဝေဘူး။ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့ စိတ်မရှည်ချင်တော့ဘူး။ သူတို့က ရွာဦးကျောင်းနားအထိ လှေတွေနဲ့လာတာတဲ့။ အထုပ်တွေ အများကြီးပဲသိလား။ ဒါပေမယ့် ကျောင်းဝန်းထဲကို ယူလာတာနဲနဲလေးရယ်။ အဲဒီ့လူကြီးတွေက သောက်ညင်ကပ်စရာကြီးတွေဗျ သိလား။ အင်္ကျီအဖြူ၊ ပုဆိုးအစိမ်းတွေနဲ့ လက်မှာလဲ အစည်းတွေစည်းထားသေးတယ်။ ငါတို့ကလေးတွေကိုလဲ ငြိမ်ငြိမ်နေဆိုပြီး အော်သေးတယ်။ မနက်ကထဲက စောင့်နေရတာ ဗိုက်က အတော်ဆာနေပြီ။ ဒီနေ့ ဆရာတော်က ဘာမှလဲ မကျွေးဘူး။ ကပ္ပိယကြီးက မုန့်တခြမ်းပဲ ငါဗိုက်ဆာတယ်ဆိုလို့ ကျွေးတယ်။ သူကပြောတယ် မုန့်တွေ မရှိတော့ဘူးတဲံ။ ခုမြို့ကလူတွေ မုန့်လာဝေတော့ ငါတို့ စားရတော့မှာပေါ့နော်။ ဒါပေမယ့်လေ သူတို့က ဟိုစာရွက်လှန်လိုက် ဒီစာရွက်လှန်လိုက်နဲ့ အကြာကြီးပဲ။ ပေးတော့လဲ ရေတစ်ဗူးရယ် မုန့်နှစ်ထုပ်ရယ်ပဲ။ ခေါက်ဆွဲထုပ်တဲ့။ ငါဘယ်လိုစားတတ်မှာလဲဟာ။ အဲဒါ ငါက ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဆိုတော့ အဲဒီ့ထဲက လူကြီးတစ်ယောက်က ငါ့ကို နာဂစ်ကြောင့် စိတ်ညစ်ရတဲ့အထဲ ဒါပဲစားလို့ ပြောတယ်သိလား။ အဲဒါ ဦးခွေးကြီးက ကလေးပဲဗျာ ဘယ်သိပါ့မလဲလို့ ပြောတော့။ သူက ဦးခွေးကြီးကိုပါ လှည့်မန်သွားသေးတယ် သိလား။ သူကျတော့ ထမင်းဗူးဖွင့်စား နေတယ် ငါတို့ကျတော့ မကျွေးဘူး။

သူတို့တွေက ပြောသေးတယ် နောက်နေ့ လာမှ ထပ်စားရမယ်တဲ့။ အဲလိုပြောသွားတယ်။ ငါတို့တွေ အားလုံးထဲမှာလေ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ရှိနေတဲ့ ရွာနောက်ပိုင်းက လူတွေနဲ့ သူတို့ မုန့်တွေပေးတာ ဓါတ်ပုံတွဲရိုက်သွားကြတယ် သိလား။ ငါတို့ကျတော့ ရိုက်ပေးဘူး။ အင်း ခုမှ သတိရတယ် အမတို့ ငါ့ကို ထားခဲ့ကထဲက ဒီအင်္ကျီပဲ ခုထိမလဲရသေးဘူး။ တော်တော်တောင် နံနေပြီ။ ဒါမဲ့ ဘာတတ်နိုင်မှာလဲ သူများတွေလဲ ငါ့လိုပဲ နံနေတာပဲ။ အိမ်မှ ပြန်လို့ မရသေးတာနော်။ ဒီတခါ ဘုန်းကြီးကျောင်းမှာ နေရတာ အကြာဆုံးပဲနော်။ အမနဲ့အဘလဲ ခုထိလာမခေါ်သေးဘူး။ အမရေ ခုရင်ပိုင်းတွေ ငါတို့ ဘာမှမစားရဘူး။ ဗိုက်ဆာလို့ ငိုရင်တောင် နဲနဲခြင်းစီပဲ စားရတယ်။ ဦးခွေးကြီးတို့တွေဆို ရေတောင် သိပ်သောက်တာ မတွေ့ဘူး။ ငါတို့ ကလေးတွေကိုတော့ တိုက်ပါတယ်။ ဒါမဲ့ အရင်လို အများကြီး မတိုက်ဘူး နဲနဲခြင်းစီ တိုက်တာသိလား။ အိမ်မှာနဲ့တော့ အပုံကြီးကွာတယ်။ အိမ်ပြန်ချင်တယ် အမရာ။ လာခေါ်ပါတော့ မြန်မြန်လေး။ ရွာကလူကြီးတွေလဲ ဆရာတော်နဲ့ စကားပြောလိုက် ဟိုပြေးဒီပြေးလုပ်လိုက်နဲ့ ဘာတွေရှုပ်နေမှန်းကို မသိဘူး။ ဒီနေ့လဲ ဟိုနေ့က လူကြီးတွေ ပြန်လာတယ် အမရ။ သူတို့က ဆရာတော်ကို ပြောတယ် တပည့်တော်တို့ ထောက်ပံ့ကြေးတွေစုနေသေးလို့တဲ့။ ဒီတခါ တို့တွေကို မုန့်မပေးဘူး သိလား။ လှေပေါ်မှာတော့ မုန့်ထုပ်တွေတွေ့လိုက်တယ်။ သူတို့ မပေးတော့ ငါတို့လဲ မစားရဘူးပေါ့။

အမရေ ငါထမင်းမစားရတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ ဗိုက်ကတအား ဆာတာပဲဟာ။ ငိုလဲ မငိုချင်တော့ဘူး ငိုရင်ပိုပြီးဆာလို့။ ရေလဲ ကောင်းကောင်း မသောက်ရဘူး။ ဟော အမရေ လာပြန်ပြီ နောက်တဖွဲ့။ အမရေ ဒီတခါလာတဲ့ လူတွေကလေ ရုပ်ရှင်ထဲကလို ပုံမျိုးတွေဗျ။ ဘောင်းဘီတွေ ဘာတွေနဲ့သိလား။ အကိုကြီးတွေ အမကြီးတွေဗျ။ သူတို့က ငါတို့ကို ရောက်ရောက်ခြင်း ရေတိုက်တယ် မုန့်တွေကျွေးတယ် သိလား။ ပြီးတော့လေ ကျောင်းနောက်ဘက်မှာ ထမင်းချက်မှာလို့ပြောတယ်။ ရွာထဲက လူကြီးတွေလဲ ပြုံးနေတာပဲ သိလား။ ဟိုတခါလူတွေနဲ့ မတူဘူးသိလား။ ငါတို့ကို တစ်ယောက်က ပုံပြင်တွေတောင် ပြောပြသေးတယ်။ ပြီးရင် ထမင်းကျွေးမှာတဲ့။ ပြီးတော့ ငါတို့တွေ အားလုံးကို ဓါတ်ပုံလဲ ရိုက်ပေးတယ်။ အင်္ကျီတွေလဲ ပေးသေးတယ်။ သူတို့က ပြောတယ်သိလား နေ့တိုင်း ထမင်းစားရမှာတဲ့။ အဲဒါ ထမင်းစားချိန်ရောက်တော့ ငါတို့ ကလေးတွေကို အရင်ကျွေးတယ် ပြီးတော့ လူကြီးတွေရော သူတို့တွေရော စားကြတယ်။ ညနေစာလည်း ကျွေးမှာတဲ့။ အဲဒီ့ထဲမှာလေ ဦးဦးဆရာဝန်ဆိုတဲ့ လူကြီးလဲပါတယ် သိလား။ ငါတို့ကို ဆေးပြားလေးတွေသောက်ခိုင်းတယ်။ ငါကမသောက်ချင်ဘူးလို့ပြောတော့။ သောက်ပါတဲ့ သောက်ပြီးရင် ချိုချဉ်ကျွေးမယ်တဲ့ အဲဒါ ငါလည်းသောက်လိုက်တယ်။ ပြီးတော့ ချိုချဉ်စားရတယ်ဗျ။

ညနေရောက်တော့လေ ဟိုတနေ့ကလာတဲ့ လူကြီးတွေ ရောက်လာတယ် သိလား။ ပြီးတော့ ငါတို့ကို ထမင်းကျွေးတဲ့ ဦးဦးတွေကို ပြန်ခိုင်းတယ်။ အဲဒီ့ဦးဦးတွေ သနားပါတယ်ဟာ။ အဲဒီ့လူကြီးကို ဝိုင်းတောင်းပန်ကြတယ် သိလား။ နာဂစ်အကြောင်းလဲ ပြောတယ်။ ပြီးတော့ သူတို့က ဒီမှာ နေ့တိုင်း အလှူလုပ်မှာလို့ ပြောတာ ဟိုလူကြီးက အတင်းပြန်ခိုင်းတာပဲ သိလား။ အမပြောတာ ပြန်သတိရမိတယ် သူများ အလှူလုပ်မှာကို ဖျက်ရင် ပြိတ္တာဖြစ်တယ်ဆိုတာလေ။ ညနေထမင်းကျက်တော့ ဟိုဦးဦးတွေ ပြန်သွားတယ်သိလား။ ဟိုလူကြီးက ဦးဦးတို့ မပြန်ရင် ဦးဦးတို့ကို တုတ်နဲ့ရိုက်မှာလို့ ငါ့ကို တိုးတိုးလေးပြောတယ်။ ဦးခွေးကြီးက အံတကြိတ်ကြိတ်နဲ့ သိလား ဆရာတော်ကတော့ ကျောင်းအောက်တောင် ဆင်းမလာတော့ဘူး။ ထမင်းကျွေးတဲ့ ဦးဦးတွေနဲ့ ပါလာတဲ့ မမကြီးတွေ ငါတို့ကို ကြည့်ပြီးငိုကြတယ်။ ပြီးတော့ ပြန်သွားကြတယ်။ နောက်နေ့မှ ရောက်အောင် လာခဲ့မယ်တဲ့။ ငါတို့ကို မုန့်လေးတွေ ပေးသွားသေးတယ် သိလား။ ဒါပေမယ့် အမရာ ပြန်မလာပါဘူးသိလား။ ဟိုလူကြီးတွေပဲလာတယ် ငါတို့ကိုဦးဦးတို့လို မုန့်လဲ မကောင်းကောင်းမကျွေးဘူး သိလား။ အော်ငေါက်နေတာပဲ ကျွေးတော့လဲနဲနဲလေး။ ဟိုဦးဦးတွေက အဲဒီ့လူကြီးတွေ ရိုက်မှာစိုးလို့ မလာတာထင်တယ်နော်။ ငါသာ လူကြီးဆိုသူတို့ကို ပြန်ရိုက်မှာ ဟုတ်တယ်လေ ထမင်းကျွေးတဲ့ ဒီလောက်စေတနာကောင်းတဲ့ ဦးဦးတို့ကို သူမို့နှင်ရက်တယ်။ ဦးခွေးကြီးကို သွားပြောတော့ သူလဲ ဘာမှ မတတ်နိုင်ဘူးတဲ့။ အမရာ နာဂစ်နဲ့ မနေနဲ့ဟာ ပြန်လာခေါ်တော့ ငါရေလဲဆာတယ် ဗိုက်လဲဆာတယ်။ ငါထိုင်ထိုင်ငိုနေတော့ လူကြီးတွေက မငိုပါနဲ့ ဂျာရစ်ရယ်ပဲပြောတယ်။ ငါဗိုက်ဆာပြီဟာ ပြန်လာခေါ်တော့ဟာနော်။ ဒါမှမဟုတ်လဲ နာဂစ်ကိုပြောလိုက်ပေါ့ ဂျာရစ်လေး သနားပါတယ်လို့ သူ့ကိုပါ ခေါ်ထားရအောင်လို့ ပြောလိုက်ပေါ့ဟာနော်။ ငါတစ်ယောက်ထဲ မနေချင်ဘူး အမရာ။ မြန်မြန်ပြန်လာခေါ်တော့နော်။ ဗိုက်လဲဆာတယ် ရေလဲဆာတယ် သိလား။

This article is copy from zerotrash21

[+/-] ဆက်ဖတ်မယ်လေ...